Pages

Friday, May 7, 2010

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း(၅)


ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

ဘာသာရေးတန်းတူမှု

ဘယ်လူ့အဖွဲ့အစည်းဘဲဖြစ်ဖြစ် (တန်းတူညီမျှမှု) (Equality) သည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။ တန်းတူမှုရှိလျှင် ဘယ်အိမ်ထောင်၊ ဘယ်မိသားစု၊ ဘယ်လူမျိုး၊ ဘယ်တိုင်းပြည်မှ စစ်မက်ဖြစ်ပွားလာနိုင်ဘွယ် မရှိ၊ ပကတိ ငြိမ်းချမ်းမည် ဖြစ်ပါသည်။ ထို (Theory, Philosophy) ကို ဘာဘဲလုပ်လုပ် မိမိကိုင်စွဲထားပါသည်။ မိမိစစ်ကြောင်းတွင် ဘာသာစုံရှိကြ သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလမ်နှင့် (မိရိုးဖလာ) ဟူ၍ ရှိသည်။ ဘာသာရေးကို အသေးအဖွဲပြဿနာလို့ ယူဆ၍မရ၊ မိမိဘာသာကို ထိခိုက်လာပါက အသက်ပေး ခုခံကာကွယ်ကြမည် ဖြစ်သည်။ နိဗ္ဗာန်တို့၊ ကောင်းကင်နိုင်ငံတို့ ရောက်ခဲ့ဖူး သည့်သူ ရှိ မရှိကိုမူ မသိ။ သို့သော် ကရင့်တော်လှန်ရေး၏ လမ်းစဉ်၊ လုပ်ငန်းစဉ်၌ (လူတိုင်း မိမိယုံကြည်ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည် လုပ်ဆောင်ခွင့်ရှိသည်၊ ဘာသာတိုင်း တန်းတူသည်၊ သို့သော် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်မထုတ်ရ) ဟု ဖေါ်ပြထားသည့်အတိုင်း မိမိ စစ်ကြောင်းတွင် ဘာသာရေး တန်းတူမှုကို စတင် သုံးလိုက်သည်။


တစ်နေ့ မိမိစစ်ကြောင်းမှ ကျောင်းသားတပ်မတော်များ ရှိရာသို့ လိုအပ်ချက်များ စစ်ဆေးရန် ရောက်ရှိသွားသည်၊ ရန်သူ့ လေတပ်မှ စက်သေနတ်၊ (Rocket) (ဒုံး) များ၊ ဗုံးများ၊ ပစ်ခတ်ကြဲချခံရလို့ ထင်သည်။ ဆက်သွယ်ရေးမြောင်းတလျှောက် ၄င်းတို့ပစ်ကျင်း၌ (Fox hole) မြေခွေးကျင်းများပင် တူးထားကြရသည်။ ဘဝက ပေးသည့် အသိဖြစ်သည်။ စစ်ပွဲ ကြာရှည်မှု မှာလည်း “နှစ်” ၊ “လ” အတွင်းပင် ဝင်လာသည်။ တနေရာအရောက်တွင် မျက်နှာမရွှင်ပြ စိတ်မကောင်း စိတ်ပျက်နေဟန် ရှိသော ရဲဘော်များကို တွေ့ရသည်။

မွတ်စလင်နှင့်တူသော ရဲဘော်လေးအား “ဟေး မင်းနေကောင်းရဲ့လား” ဟု ပြောပြော ဆိုဆို ၄င်း၏နဖူးကို ကိုင်ကြည့်သည်။ ကိုယ်လည်း မပူပါလား။ နေကောင်းသားဘဲ၊ ဘာဖြစ်နေလဲ။

“သြ…သိပြီ၊ မွတ်စလင်များ၏ (ဥပုဒ်) လ၊ (အစ်) နေ့ နီးနေပြီဘဲ၊ (ဥပုဒ်) စောင့်ချင်ကြမှာဘဲ”၊ ပြောပြောဆိုဆို ရဲဘော် ညိုမင်းထွန်း (တပ်စိတ်မှူး) ကို -

“မင်းတို့ မွတ်စလင်ရဲဘော် ဘယ်နှစ်ယောက်ရှိလဲ” ဟုမေးရာ

“ကိုးယောက်” တဲ့။

ကျောင်းသားတပ်မတော် တပ်ရင်းမှူးကို “ကိုတင်စိုး ဒီရဲဘော် (ကိုး) ယောက်ကို (ဥပုဒ်) စောင့်ခွင့်ပေးလိုက်ပါ။ ခရီးသွား လက်မှတ် စစ်ကြောင်းရုံးမှာလာယူ” ဟု ညွန်ကြားခဲ့သည်။ ကိုတင်စိုး မျက်နှာအမူအရာ၌ ရဲဘော် (၉) ယောက်အား စစ်ပူချိန် ၌ ခွင့်ပေးလိုက်သဖြင့် မကြည်မသာ ဖြစ်နေသည်ကို သိသဖြင့် “ကိစ္စမရှိပါဘူး၊ ကျနော်ကြည့်လုပ်မယ်” ဟု ပြောပြီး အရံကုန်း တစ်ကုန်းတွင် တပ်ချထားသော အထူးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား ထုတ်နုတ်ပြီး ထိုနေရာကို မိုင်းခင်းလိုက်ရန် လစ်လပ်သွားသော နေရာသို့ ထိုရဲဘော်များနှင့် ဖြည့်လိုက်ရန် ဗိုလ်မှူးထီးမူးကို ညွန်ကြားလိုက်သည်။

အစ္စလမ်ရဲဘော် (၉) ယောက်လည်း ခွင့်ရရှိသဖြင့် (ဥပုဒ်) စောင့်ရန် စက်လှေပေါ် တက်ရောက် ထွက်ခွာသွားကြပြီဖြစ် သည်၊ ၄င်းတို့ မျက်နှာပေါ်၌ တန်းတူမှု၊ ဒီမိုကရေစီ အပြည့်အဝရှိမှုတို့ကို ခံစားရသဖြင့် ကြည်နူးနေသည့်အသွင် ဆောင်နေ သဖြင့် မိမိလည်း ကြည်နူးမိသည်။ (ဥပုဒ်) နေ့၌ ၄င်းတို့၏ (ဗလီ) ဝတ်ကျောင်း၌ (အလာအပ်ကဗာ) (The Lord is Great) ဟူသော ၄င်းတို့၏ (ကိုရမ်) ကျမ်း ရွတ်ဖတ်သံသည် ကမ္ဘာမြေကြီး ငြိမ်းချမ်းစေကြောင်း၊ လူသားများအတွင်း အပြန်အလှန် ချစ်ကြည်မှု ရှိကြစေကြောင်း ဖေါ်ဆောင်နေသလို ရှိနေပါတော့သည်။

တဆက်တည်း ဘာသာရေးတန်းတူမှုကို (Apply) လုပ်ရန် ဗိုလ်မှူး (ထီးမူး) ကို “ခင်ဗျားတို့ဆီမှာ ခရစ်ယာန် ဘာသာဝင်တွေ ရှိလား” ဟု မေးရာ၊ “ရှိပါကြောင်း၊ အပျော်တမ်း ဝန်ထမ်းများအတွင်း တရားဟောဆရာတစ်ယောက် ပါဝင်ကြောင်း” သတင်းပို့ရာ၊ “ဒါဆို ဝန်ထမ်း တရားဟောဆရာကို ဒီအပါတ် (ဥပုဒ်) နေ့ (တနင်္ဂနွေ) နေ့ (Sunday) မှာ တရားဦးဆောင်” ရန် အကြောင်းကြားလိုက်သည်။ သည့်နောက်တွင်တော့ “Onward Christain Soldiers” “ရှေ့သို့ချီ ခရစ်ယာန်စစ်သည်” သီချင်းသံသည် မိမိရှေ့တန်း စစ်ကြောင်းနှင့် စစ်မြေပြင် တစ်ခုလုံးကို လွမ်းခြုံသွားလေတော့သည်။

တပေါင်းလပြည့်ရက် နီးကပ်လာပါပြီ၊ ရန်သူထိုးစစ်လည်း မရပ်သေး။ ရှိသမျှ လက်နက်ကြီးများဖြင့် အပြတ်တိုက်နေသည်။ ဗမာ့လေတပ်မှ ခေတ်အမှီဆုံး လေယာဉ်များနှင့် လာရောက် ဗုံးကြဲနေသည်။ ရန်သူ့လေယာဉ် လာရောက်ဗုံးကြဲသော နေ့များဖြစ်ပါက ရဲဘော်များ ဝမ်းသာကြသည်။ ဘယ့်အတွက်ကြောင့်ဆိုသော် ဟင်းစား ရသောကြောင့် ဖြစ်သည်။ ခေတ်မှီ လေယာဉ်ကြီးများမှ ကြဲချသမျှ ဗုံးများမှာ ရဲဘော်များကို မထိ။ ရွာသားများ၏ ကျွဲများကို ထိသဖြင့် ရွာသားများမှ ရဲဘော်များ ကို ကျွေးသောကြောင့် ဖြစ်ပါသည်။

နေ့စဉ်လိုလို မိမိစစ်ကြောင်း အခြေပြုကုန်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အနည်းဆုံး အလုံး (၂ဝ) မှ (၁ဝဝ) အထိ ရှိသောကြောင့် နံမည်အပေး ကောင်းသော ကျောင်းသားရဲဘော်များမှ ကျွန်တော်တို့ကို (ခံကြီးမောင်) တဲ့။ အမြဲတမ်းလက်နက်ကြီး မှန်ပြီး မီးလောင်နေသော (ကဆောဝါးလေး) (ဆင်ဖြူတောင်) ကို (လောင်ကြီးမောင်) တဲ့။

တစ်နေ့ ကျောင်းသားရဲဘော်တပ်မှူးများကို ခေါ်၍ “တပေါင်းလပြည့်နေ့မှာ ခင်ဗျားတို့ (ဥပုဒ်) စောင့်၊ သီလယူချင်သလား” ဟု မေးရာ “(ဥပုဒ်) စောင်၊့ သီလယူလိုကြောင်း” ဖြေသဖြင့် “ကျောင်းသားတပ်မတော်က ကျောင်းထိုင်ဆရာတော်ကို ပင့်ဗျာ၊ နောက်ပြီး အာရုံဆွမ်း၊ နေ့ဆွမ်းနဲ့ ကန်တော့ပွဲအတွက် ဝယ်ဖို့ ကျနော်စီစဉ်မယ်” ဟု ပြောကြားလိုက် ပါသည်။ စစ်ကြောင်းအားလုံးရှိ ဗုဒ္ဓဘာသာဝင် ရဲဘော်အားလုံး တရားနာနိုင်ဖို့ လပြည့်နေ့ မွန်းတည့် (၁၂) နာရီ တိတိမှာ စကားပြောစက် လေလိုင်း (၅ဝဝ) ကို တက်လာကြရန် လည်း အကြောင်းကြားလိုက်သည်။ မိမိလည်း လပြည့်နေ့အတွက် ဝယ်စရာ ငွေလိုသဖြင့် (ကပေါလူ) ရှိ ချစ်ဇနီးထံ ပြန်ခဲ့ပါသည်။

ချစ်ဇနီးအား “မြရေ၊ ကိုယ် ငွေလိုတယ်၊ တပေါင်းလပြည့် ကိုယ့်ရဲဘော်တွေ (ဥပုဒ်) စောင့်၊ သီလယူကြမယ်၊ ကျောင်းသားတပ်မတော်က ကျောင်းထိုင်ဆရာတော်ကို ပင့်မယ်၊ ကန်တော့ပွဲ၊ အာရုံဆွမ်း၊ နေ့ဆွမ်း၊ ကပ်လှူဖို့ ဝယ်စရာတွေ ရှိတယ်။ မင်းမှာ ငွေမရှိဘူးဆိုတာ သိပါတယ်၊ တစ်ခုတော့ရှိတယ်။ မင်းလက်ကောက်ကလေး ကိုယ့်ကို ခေတ္တချေး ပါလား” ဟု ပြောရာ၊ ပါရမီဖြည့်ဘက် ချစ်ဇနီးမှ အလွယ်တကူ ချွတ်ပေးသဖြင့် (သော်လဲထာ) ၌ ကျောင်းသားရဲဘော်များ ထုခွဲ၍ ဝယ်စရာရှိသည်များကို ဝယ်ခြမ်းလိုက်ကြသည်။

No comments:

Post a Comment

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။