Pages

Sunday, May 23, 2010

ယနေ့ကရင်လူငယ်တို့၏ သမိုင်းပေးတာဝန်


နက်ဖြန် လူကြီးနေရာနှင့် တာဝန်များကို ပခုံးပြောင်း ယူသွားရမည့် ယနေ့ ကရင်လူငယ် တို့သည် တာဝန်ကျေသော ရှေ့ဆောင်ကောင်း ဖြစ်လာဘို့ အရေးကြီး လှပေသည်။ ခေတ်လူငယ် ပီပြင်ရေးနှင့် တိုးတက်အသွင်ဆောင်သော လူငယ်များအဖြစ် မိမိတို့၏ အမျိုးသားရေးကို ရှုဒေါင့်စုံမှ ဝေဖန်သုံးသပ် အဖြေရှာနိုင်ရမည့် အရေးမှာ မလုပ်မဖြစ်သော အခြေခံအကျဆုံး သမိုင်းပေး တာဝန်တရပ်ပင် ဖြစ်လေသည်။

ကျဉ်းမြောင်းသောအမြင်၊ တဘက်စွန်းကျ တရားသေ၀ါဒ၊ လက်တွေ့မဆန်သော သဘောတရားရေးနှင့် ခေတ်နောက်ပြန်ဆွဲ ၀ါဒသြဇာ လောင်းရိပ်အောက်များမှ ရုန်းထွက်၍ အမျိုးသားထု တရပ်လုံး၏ အကျိုးတရားနှင့် တောင်းဆိုချက်များတို့ကို အဖြေရှာ ဖော်ဆောင်နိုင် ရပေမည်။ ခေတ်က မတောင်းဆိုတော့သည့် တွေးခေါ်ခံယူမှုများကို ပယ်ရှားတော်လှန် ၀ံ့ကြရပါမည်။ အသစ်အသစ်သော သဘောတရားရေး ခံယူချက်နှင့် လက်တွေ့ကျင့်သုံးရေးသည် ယနေ့ ကရင်လူငယ်များ၏ တာဝန်ပင် ဖြစ်တော့သည်။

အနာဂတ်ရေးဆိုသည်မှာ

အဟောင်းအဟောင်းတို့ ချုပ်ငြိမ်း၍ အသစ်အသစ်တို့ ဖြစ်ပေါ်လာရမြဲ ဖြစ်ပေသည်။ ဤသို့ဆိုလျှင် လူသားတို့ အသက်ရှင် ရပ်တည်လိုမှု၌ မည်သည့် အဓိပ္ပါယ်မျိုးဖြင့် ရည်ရွယ်ချက် ထားရှိကြလေသနည်း။ အနာဂတ်မျှော်မှန်းချက် သည်ပင်လျှင် တခုတည်းသော တူညီသည့် လူသားတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်း၏ ခံယူယုံကြည်ချက်ပင် ဖြစ်ပေသည်။

ဤသို့ဆိုလျှင် ကရင်အမျိုးသားစု တရပ်အနေဖြင့် အနာဂတ်မျှော်မှန်းချက် အမှန်ရှိနေရပေမည်။ အနာဂတ် မျှော်မှန်းချက် ဆိုသည်မှာ စိတ်ကူးရသော မျှော်လင့်မှု ထားရှိသကဲ့သို့ အမျိုးမဟုတ်ပေ။ တိကျသော ယုံကြည်ချက် ခံယူချက် အပြည့်ဖြင့် လက်တွေ့ဖော်ဆောင် ယူရသောအရေး ဖြစ်ပေသည်။ ထိုမျှော်မှန်းချက်ကား မည်သို့နည်း – အကျဉ်းချုံး၍ ဖော်ပြရသော် ကရင်လူမျိုး တရပ်အနေဖြင့် အများနည်းတူ လူမှုဒုက္ခ ဆင်းရဲခြင်း အပေါင်းမှ ကင်းငြိမ်းပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုဖြင့် အစဉ် ရပ်တည်နိုင်ရေးသည် ကရင့်အမျိုးသားရေး၏ အနာဂတ် မျှော်မှန်းချက်ပင် ဖြစ်ပေသည်။

ဖော်ဆောင်ရေး၏အခြေ

အတိတ်ကို အခြေခံ၊ ပစ္စုပ္ပန်ကို အကြောင်းပြု အနာဂတ်ကို ရှေ့ရှု ဟူသော ကာလသုံးပါး၏ အကြောင်းနှင့် ယှက်နွယ်မှု သဘောတရားနှင့် ကင်းကွာသော လုပ်ငန်းများသည် အောင်မြင်မှုရရန် အလားအလာ နည်းပါးပေလိမ့်မည်။ ထို့ကြောင့်လည်း အနာဂတ် အမျိုးသားရေး ဖန်တည်း ဖော်ဆောင်ကြရမည့် ယနေ့ ကရင်လူငယ်မျိုးဆက်အား တည်ဆဲဘ၀နှင့် အတိတ်ကာလ ကရင့်သမိုင်းဖြစ်စဉ် အဆင့်ဆင့်ကို ကွင်းဆက်ပြုကာ ဝေဖန်သုံးသပ်မှု ရပေတာ့မည်။ အရှိကို အရှိအတိုင်း ယထာဘူတကျကျ ဝေဖန်ဆန်းစစ်မှုကို ရှုဒေါင့်စုံမှ ပြုသွားရေးသည် အဓိကအခြေခံပင် ဖြစ်ပေသည်။

ဆိုလိုသည်မှာ ကရင်အမျိုးသားတို့၏ အတိတ်ကာလ သမိုင်းကြောင်း၏ ဆိုးမွေကောင်းမွေများကို ကွဲကွဲပြားပြား မရှုမမြင် မဆန်းစစ်ထုတ်နိုင်လျှင် ရှေ့ဆက် ခရီးစဉ်သည်လည်း ဖြောင့်ဖြူးနိုင်မည် မဟုတ်ပေ။ ရေရာပြတ်သားမှု မရှိလှသည့် အတိတ်သမိုင်း ကရင့်ဖြစ်စဉ်ဘ၀နှင့် တွေးခေါ်ခံယူမှုများကို ခေတ်နှင့်ယှဉ်ကာ ပြောင်းလဲသင့်သည်များကို ပြောင်းလဲ၍ တော်လှန်သင့်သည်များကို တော်လှန်ပယ်ရှား ပစ်နိုင်မှ တန်ကာကျမည် ထင်၏။ ထိုသို့သော ဝေဖန်ရေးနှင့် မိမိကိုယ် ဝေဖန်ရေးတို့ကို အခြေခံကာ ကရင့်အမျိုးသားရေး၏ အနာဂတ်ခရီးကို မည်သည့် ရှေ့ဆောင် လမ်းညွန်မှု ခံယူကျင့်သုံးသင့်ကြောင်းနှင့် မည်သည့် အသွင်သဏ္ဍာန် လုပ်နည်းလုပ်ဟန်များ ဖွင့်ဖော်ဆောင်ရမည်ကို အဖြေရှာရေးသည် အဓိကကျသော လုပ်ငန်းဖြစ်လေသည်။

ရှေ့ဆောင်လမ်းညွှန်မှု

ကရင်အမျိုးသားတို့၏ အတိတ်ဖြစ်စဉ် အကျဉ်းကို အခြေခံအကျဆုံးသော ကရင်အမျိုးသား ဘ၀ဓလေ့နှင့် ဗီဇတို့မှစ၍ သုံးသပ်ပါမှ လုံလောက်မည် ဖြစ်သည်။ ရိုးသားသည်၊ ဖြောင့်မတ်သည်။ စိတ်ထားဖြူသည်၊ ရောင့်ရဲလွယ်သည်၊ အေးဆေးစွာ နေထိုင်လိုသည်၊ အများစု ကရင်တို့သည် ထိုဗီဇ ဓလေ့ကို အမြတ်တနိုး လက်ခံ ကျင့်သုံးလာခဲ့သည်ဟု အကြမ်းဖျဉ်း ယေဘူယျ အဆိုပြုလာခဲ့သည်။ သို့သော် ထိုဗီဇဓလေ့သည် အားလုံးအတွက် ကောင်းသောအကျိုးကို ပြုခဲ့ပါ၏လော … ဆိုသော် … … မပြုနိုင်ခဲ့ပါ ဟုသာ ဆိုရပေမည်။ ဆိုးကျိုးဘက်သို့ တွန်းပို့သည့် အချက်များစွာ ရှိခဲ့သည်မှာ သံသယပွားစရာ မရှိပေ။

ခေတ်သည် ပြောင်းလဲနေ၏။ ပတ်ဝန်းကျင်လည်း ပြောင်းလဲနေပါ၏။ ၎င်းတို့ကို လျစ်လျူရှု၍ မဖြစ်ပါ။ ဆန့်ကျင်ဘက်တရားသည် အချိန်နေရာတိုင်း ပေါ်နေမြဲ ဖြစ်သည်။

ဥပမာအားဖြင့် – ရိုးသားမှု လွန်ကဲက နုံအရာ ရောက်သွားနိုင်၏။ ရိုးသားမှု ရှိခြင်းကြောင့် ပါးနပ်လည်ဝယ်ခြင်း၊ ကောက်ကျစ်ခြင်း တို့က ချယ်လှယ်ခွင့် ပေါ်လာရ၏။ ရောင့်ရဲလွယ်မှုကို လောဘကြီးခြင်း ဆန္ဒကြီးခြင်းတို့က အမြတ်ထုတ် သွေးစုတ်ချယ်လှယ်လာ၏။ အားနည်းသူကို အားကြီးသူက အနိုင်ကျင့် ချောက်လှန့် ဖိနှိပ်၏။ ဤသည်တို့မှာ ထီးထီး ရပ်တည်၍ မရသော ပတ်ဝန်းကျင်နှင့် ဖြစ်လာသည့် လူသားတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်း ကြုံတွေ့ရတတ်သည့် ဖြစ်စဉ် သဘာဝပင် ဖြစ်ပေသည်။ သို့ဖြစ်ခြင်းကြောင့် ကရင့်ဗီဇ ဓလေ့နှင့် ခေတ်အခြေအနေသည် စပ်ဟပ်ဆီလျှော်လျှက် ရှိမရှိ ဝေဖန်မှု ပြုရပေမည်။

ခေတ်နှင့်ယှဉ်သော ကရင့်ဗီဇ မွေးထုတ်ရေး၊ အတွေးအမြင်သစ် ခံယူကျင့်သုံးရေးဆိုသော သမိုင်းပေး တာဝန်ကို သိမြင်နားလည် လာသော် မည်သည့်လမ်းညွှန်းမှု ရှေ့ဆောင်မှု လိုအပ်ပါသနည်း။ အတွေးအမြင်သစ် သဘောတရားတရပ်သည် ကရင်အမျိုးသားထု တရပ်လုံး၏ လိုအပ်ချက် အပေါ် လုံးဝ အခြေခံရမည် ဖြစ်ပြီး ကရင်အမျိုးသားရေးအသိ ဖြင့်သာလျှင် ရှေ့ဆောင်လမ်းညွှန်မှု အဖြစ် ခံယူထားရမည် ဖြစ်ပေသည်။ ထိုအတွေးအမြင်သစ် သဘောတရား (၀ါ) အမျိုးသားရေးအသိ၏ ရှေ့ဆောင်မှုအတိုင်း တမြင်တသဘောတည်း ခံယူကျင့်သုံးရေးသည် မျက်မှောက် ကရင့်လူငယ်ထု၏ သမိုင်းပေးတာဝန်သာ ဖြစ်ပေသည်။

ထိုအမြင်သစ် သဘောတရားရေး (၀ါ) အမျိုးသားရေးအသိကား အဘယ်နည်း။ အမျိုးသား ရေးရာသည် ကျယ်ပြန့်လွန်း လှသဖြင့် လူမျိုးစု တစု၏ အခြေခံတရားဖြင့် အကျဉ်းသာ ဖော်ပြရသော် – ကရင်အမျိုးသားထု၏ မျိုးရိုးဗီဇ ယုံကြည်ကိုးကွယ်မှု ဘာသာစကားနှင့် စာပေ၊ ယဉ်ကျေးမှု ထုံးဓလေ့နှင့် နေထိုင်ရာ နယ်မြေဒေသ – စသည်တို့ကို အခြေခံလျက်ရှိနေပါသည်။

တော်လှန်ဝံ့ရမည်

မျိုးရိုးဗီဇနှင့် ပတ်သက်၍ ယနေ့လူငယ်တို့သည် ခေတ်နှင့်လျှော်ညီစွာ ခံယူကျင့်သုံးရပေမည်။ နေရာတိုင်း လုပ်ငန်းတိုင်း ရိုးအ နေကြရမည့်အခါ မဟုတ်တော့၊ အနှိမ်ခံ အချယ်လှယ်ခံ ဘ၀မျိုးဖြင့် တင်းတိမ်ရောင့်ရဲရမည့် ခေတ်ကာလ မဟုတ်တော့ပါ။ ပြောသမျှ ယုံ ဆိုသမျှ ဟုတ်ကဲ့ ရမည့် အချိန်လည်း မဟုတ်တော့ပါပေ။ တောကြီးမျက်မည်းတွင် ထီးထီးရပ်၍ အေးဆေးစွာ နေလိုမှု ဘ၀မျိုးကိုလည်း တော်လှန်စွန့်လွှတ် ရပါမည်။ ပတ်ဝန်းကျင်နှင့် မကင်းနိုင်သည်မို့ လိုက်လျှော ညီထွေစွာ နေထိုင်ကျင့်ကြံတတ်ဘို့ လိုအပ်လှပါသည်။

နောက်တချက်မှာ ကရင်အမျိုးသားရေးကို ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံတွင်းသို့ အစောဆုံးရောက်ရှိခဲ့သည့် လူမျိုးတစု အဖြစ် ပါဝင်ခဲ့ခြင်းနှင့် လူဦးရေးအရ ဒုတိယအများဆုံး လိုက်နေခဲ့သော်လည်း အတိတ်သမိုင်းတလျှောက်လုံး လက်တွဲရွက်ဆောင်မှု တစုတစည်းတည်း မရှိခဲ့၊ မတည်ဆောက် နိုင်ခဲ့ပါ။ စည်းလုံးမှု အင်အား မရခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် အချယ်လှယ်ခံ ဘ၀၌သာ ရပ်တည်နေခဲ့ ရပေသည်။

စည်းလုံးမှု အခြေကို မတည်ဆောက် နိုင်ခဲ့၍ အချယ်လှယ်ခံ ဘ၀ဖြင့် ရပ်တည်ခဲ့ရသော အခြေခံ အကြောင်းရပ်ကို စိပ်ဖြာ ဆန်းစစ်ကြည့်ပါလျှင် ကရင်တမျိုးသားလုံးတွင်း၌ -
(က) ဘာသာစကားကွဲပြားလျက် ရှိနေခြင်း။
(ခ) ယုံကြည်ကိုးကွယ်မှု မတူခြားနားလျက် ရှိခြင်း။
(ဂ) သာသာရေး အခြေခံ စာပေအင်အားစု အစိတ်စိတ် အလီလီ ပေါ်ပေါက်လာခဲ့ခြင်း။
(ဃ) နေထိုင်ရာဒေသ ပြန့်ကြဲလျက် ရှိနေခြင်း။
(င) သဘောတရားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး အသိအမြင် အားနည်းမှေးမှိန်လျက် ရှိနေခြင်း – စသည့်တို့ကို တွေ့ရှိရပေမည်။

ဖော်ပြပါ အကြောင်းအချက် ရှိနေခြင်းကြောင့် သီးခြားလူမှု အဖွဲ့အစည်းကို ပေါ်ပေါက်စေ ခဲ့ပါသည်။ မတူညီသော အခြေခံကြောင့် လူမှုပေါင်းသင်း ဆက်ဆံရေးကို မီးလောင်ရာလေပင့် အဟန့်အတားပြု ပျက်ပြားစေခဲ့ခြင်း ဖြစ်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် ဘာသာစကား မတူကြ၍ စကားအုပ်စုဖွဲ့ နေလာကြသည်။ ယုံကြည်ကိုးကွယ်မှု တူချင်းချင်း ဘာသာရေးအရ ပေါင်းစုံဖွဲ့စည်း နေကြ၍ လူမှုအဆောက်အုံသစ်များ ဖန်တည်းလာသည်။ ယုတ်စွအဆုံး အမျိုးတူချင်း ဖြစ်သော်လည်း ဘာသာရေး မတူမှုကြောင့် ပေါင်းသင်းလက်ထပ်မှုအထိ အဟန့်တားမှု ပြုလာသည်။ ထိုဘာသာရေးကို အခြေခံ၍ စာပေရေး ပေါ်လာပြန်ရာ ထိုဘာသာရေး အဖွဲ့အစည်းမှ တဖန် စာပေအင်အားစုအဖြစ် ထပ်ဆင့်ကွဲပြားလာ ပြန်ရသည်။ နေရာထိုင်ရာဒေသ ပြန့်ကြဲခြင်းတွင်ကား စုစည်းမှု မရနိုင်သော အခြေကို ဖန်တီး၍ အစိတ်စိတ် အမွှာမွှာ ဖြစ်စေခြင်းသည် ပတ်ဝန်းကျင်၏ စာပေရေး ယဉ်ကျေးမှုရေးအရ လွှမ်းမိုးမှုဒဏ်ကို အလိုလို လည်စင်းပေးရာ ဖြစ်လာရသည်။

ထိုထိုသော အခြေခံ မကောင်းမှု တို့ကြောင့်လည်း အတွေးအခေါ် အယူအဆရေးမှအစ ဖလှယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ပညာပေးခြင်း၊ ခံယူခြင်း မပြုနိုင် ဖြစ်လာရာမှ အမျိုးသားရေး အသိအမြင်ပါ အားနည်း မှေးမှိန်လာစေတော့ရာ အနာဂတ် ကရင့်အရေးမှာ တွေးလေ ရင်လေးစရာပင် ဖြစ်ပေတော့သည်။

သို့သော် လူသားတို့ဆိုသည်မှာ ကြံရည်ဖန်ရည် ရှိကြသူချည်း ဖြစ်လေရာ အနာဂတ် မျှော်မှန်းချက် ရှိနေသေးသမျှ ကရင့်အမျိုးသား ရေးရာကို တောက်ပြောင်လာအောင် ဖန်တီးနိုင်သည်၊ ဖန်တီးနိုင်ရပေမည်။

ဖော်ပြခဲ့ပါ အမျိုးသားထုတွင်း သပွတ်အူ အရှုပ်အထွေး မကြေမလည်မှုများကို ရှောင်ကွင်း၍ကား ရမည်မဟုတ်ပေ။ တခုချင်း တမျှင်ချင်း ပြေမည်လား။ အတင်း ထိုးဖြတ် သွားမည်လား – အဖြေတော့ ရှာရပါမည်။

သမိုင်းပေး တာဝန်ကို ယနေ့လူငယ်တို့ ပီပီပြင်ပြင် မြင်သိခံယူ လာနိုင်ရေးအတွက် အမျိုးသားရေး အသိ မွေးကြရပါတော့မည်။ ထိုအသိ ရလာရန်မှာ အမျိုးသားထုတွင်းရှိ ကွဲပြားမှု မှန်သမျှ ပထမ နားလည်ထားရမည်။ ၀င်ရောက် လေ့လာရမည်။ တစုတဖွဲ့သော ဘာသာရေး၊ စာပေရေး၊ နယ်မြေစွဲ တည်းဟူသော အနှောင်အဖွဲ့မှ ရုန်းထွက်ကာ ကရင်အမျိုးသားအတွက် ဆန္ဒစွဲကင်းစွာဖြင့် အမျိုးသားထု၏ တောင်းဆိုချက်ကို ဖော်ထုတ်နိုင်စွမ်း ရှိရမည်။

အမျိုးသားရေးအသိ ဆိုသည်မှာ ကရင်တမျိုးသားလုံးကို အခြေခံရမည် ဆိုသည့်အချက်အား ဘယ်အခါမှ မေ့လျှော့၍ မရပါ။
ဥပမာအားဖြင့် ဘာသာရေးသည် ပုဂ္ဂိုလ်ရေး ဖြစ်သည်။ ယနေ့စာပေရေးရာ အလီလီသည် အုပ်စုအဖွဲ့အစည်းကိုသာ အခြေခံ နေပါသည်။ ဘာသာရေးကို အမျိုးသားရေး အသိကသာ ရှေ့ဆောင်မှု ပြုရပါမည်။ စာပေရေးကို အမျိုးသားရေး အသိဖြင့် တမျိုးသားလုံး အတွက် ကိုယ်စားပြုမည့် အမျိုးသားစာပေကို တက်လှမ်းဝံ့ရပါမည်။ အမျိုးသားရေးအမြင် ဖြင့်သာလျှင် နေရာမရွေး – လုပ်ငန်းမရွေး လက်တွဲရွက်ဆောင် နိုင်မည်ဖြစ်သည်။

ထို့ကြောင့် အမျိုးသားရေးဟု တခုခုကို ခံယူကျင့်သုံး တော့မည်ဆိုလျှင် အမျိုးသားထုကို ကိုယ်စားပြုနိုင်သော အမျိုးသားရေး အသိ သဘောတရားရေး လမ်းညွှန်မှုကို ကိုယ်စီခံယူကြပါ။ ကျင့်သုံးကြပါ၊ ဆင့်ပွားလမ်းညွှန်ကြပါ၊ အမျိုးသားရေးအသိဖြင့် ဘာသာကွဲ – စကားကွဲ – စာပေအကွဲများကို လက်တွဲရွက်ဆောင်မှု ပြုပါ၊ လက်တွဲရွက်ဆောင်မှု စတင်ကြပါ၊ စတင်ရန် ၀န်မလေးပါနှင့် တိုးတက်လူငယ် ပီပြင်ပါစေ၊ သမိုင်းပေးတာဝန် ကြေကြပါစေ။

မန်းဋ္ဌေးရှိန်
ဇွဲကပင် မှကူးယူ ပြန်လည်ဖေါ်ပြသည်

1 comment:

  1. ထီသိုဝ်..သဲုး၀၀်၀၀်ဟှေး...မ်ုလ၀်ဏင်မိင်ဃှဝ်။အေသှေ်အိုဝ်..Karen blogဏှ် အင်းကှေ်လု ပ်ုဆိုဒ်သုဂ်ခေါဟ်ဖင့်လးဏှ် မ်ုသှေ်ဟှး..ပ်ုဆိုဒ်သုဂ်ခေါဟ်သုဂ်ဏာဏှ်
    အင်းကှေ်လ်ုအုဖင့်ခေါဟ်ဏှ် ယေါဝ်မ်ုဟှေဝ်ဏယ်။။။။အေဟှံင်ဍ၀် C-box အင်းလယ်ခွက်ဍေ Shoutmixဏှ် ..မာက်ုလိုင့်မ်ုဟှေဝ်စယ်...မွဲာမာဆြာ့ဏှ်မွဲာအေးဃှဝ် ဖှေ်လင့်ကျင်ဆ်ုကုင်းဍးလ၀့် ..
    အှ်ဆံင်းလာဆါ်

    ReplyDelete

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။