Pages

Friday, May 14, 2010

စာပေစိတ်ဓာတ်ကို သုံးသပ်မိခြင်း

ကရင်လူမျိုးသည် စာပေယဉ်ကျေးမှု ပြည့်စုံစွာရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား
လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ သို့သော် စာပေယဉ်ကျေးမှုကတော့ ရှိသည်။ တိုးတက်မှုကား မရှိ၊ တိုးတက်အောင်လည်း စိတ်မကူးကြ၊ စာပေစိတ်ဓာတ်ပြည့်ဝသူ အလွန်ရှားသည်။ ဒါကြောင့် ကရင်သည် လူဦးရေနဲ့ ကြည့်လျှင် စာပေစိတ်ဓာတ် နည်းသေးသည်ဟု ဆိုလျှင် မှားမည်မထင်။

စာရှုသူအနေဖြင့် ကရင်သည် စာပေစိတ်ဓာတ်နည်းသည်ကို လက်မခံနိုင်လျှင် လက်ရှိ ကရင်စာပေအဆင့်အတန်းနှင့် ကရင်လူမျိုးတို့ နေ့စဉ်သွားလာလှုပ်ရှားနေသည် ဆန်းစစ်ကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။
သို့အတွက် စာပေစိတ်ဓာတ် ရှိမရှိ သိချင်လျှင် ကရင်တစ်ယောက်ကို ကရင်စာရေးခိုင်းကြည့်ပါ။ ဒါမှမဟုတ် ဖတ်ခိုင်းကြည့်ပါ။ အဖြေမည်သို့ ထွက်လာမည်နည်း။ ထို့ထက်ပို၍ သိသာသည်က ကရင်တွေ နေထိုင်ကြသည့်
မြို့၊ရွာတွေမှာ ကရင်စာပေ ဖွင့်လှစ်သင်ကြားခြင်း၊ အလွန်နည်းလို့ပါပဲ။
ဒါ ဘယ်သူမှ ငြင်းလို့မရသည့် သာဓကတစ်ခုပါ။ ကရင်ဖြစ်ပြီး ကရင်စာကို ပြန်လေ့လာသင်ယူရန် ၀န်လေးနေလျှင် စာပေစိတ်ဓာတ် မရှိသူပင်ဖြစ်သည်။ ´စာပေစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံဖြစ်၍ စာပေစိတ်ဓာတ်မရှိလျှင် မျိုးချစ်စိတ်ဓာတ်မရှိခြင်းနှင့် အတူတူပင်ဖြစ်သည်´။ဒါကြောင့်လည်း အမျိုးချစ်သူတိုင်း မိမိစာပေကို မြှင့်တင်ကြသည် ဟု စာပေပုဂ္ဂိုလ်ကြီးများက ဆိုစမှတ်ပြုကြသည်။ ကရင်လူမျိုးသည် မိမိ၏စာပေကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်သေးလျှင် ဘယ်သောအခါမှ အောင်မြင်မှုမရှိနိုင်ပေ။ ကိုယ့်ခြေထောက်ကို ပြန်ရိုက်လျှင် ကိုယ်ပဲ အသားနာမည်။ ကိုယ့်မိသားစုကို ကိုယ်မချစ်လျှင် အဘယ်သူ လာချစ်မည်နည်း။ ကိုယ့်မိသားစု အခက်အခဲကို ကိုယ်မကူညီလျှင် ကိုယ်ပဲ ဒုက္ခရောက်နိုင်သည်။ ကိုယ့်စာပေ
ကို အထင်သေးလျှင် ကိုယ့်ကိုယ်ကို အထင်သေးသည်နှင့် အတူတူပင်။


ကရင်လူမျိုးသည် ပညာတတ်ကြီး၊ ပညာရှင်ကြီး မဟုတ်သည့်တိုင် ပညာတတ်တော့ ရှိပါသည်။ ပညာတတ်ဟု ဆိုရာမှာ ယနေ့ ကရင်လူမျိုးထဲမှ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘွဲ့ရပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်ဆောင်များ စသူတို့ကို ဆိုလိုပါသည်။

၎င်းပုဂ္ဂိုလ်တို့သည် အမျိုးသား စာပေအတွက် ဘာတွေ လုပ်ဆောင်နေသနည်း။ ရှင်းပါသည်။ ဘာမှ လုပ်ဆောင်ခြင်း မတွေ့ရသေးပေ။ နောင်လည်း တွေ့ရမည့်ပုံမပေါ်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်ပညာ
ဆည်းပူးနေသော ကရင်လူငယ် မောင်မယ်များသည် မိမိစာပေကို လုံးဝစိတ်မ၀င်စားလို့ပါပဲ။

သို့သော် အနည်းစုတော့ ရှိကောင်းရှိမည်။ တစ်ဦးတစ်ယောက်သာ စာပေကို စိတ်ဝင်စားမည်ဆိုလျှင် အများကို
လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ တစ်နည်းပြောရလျှင် စာပေတိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကရင်လူမျိုးသည် စာပေစိတ်ဓာတ် မရှင်နိုင်သေးဟု ကောက်ချက်ချရပါလိမ့်မည်။

စာပေစိတ်ဓာတ်နှင့်ပတ်သက်လို့ စာရေးသူတွေ့ရသလောက် ခေတ်ပညာတတ် လူငယ်တွေကို တီးခေါက်ကြည့်သောအခါ စာပေစိတ်ဓာတ် မရှိမှန်းသိရသည်။ဘာကြောင့်လဲဆိုတော့ သူတို့နှုတ်ဖျားမှ စာပေအကြောင်း ထွက်မလာလို့ပါပဲ။ စာရေးသူသည် ကရင့်ဓလေ့မပျောက်ပျက်ရန် ရည်သန်ပြီး တတ်နိုင်သလောက် ကရင်ရေးရာ စာအုပ်တွေကို မကြာမကြာ ပုံနှိပ်ထုတ်ဝေဖြစ်သည်။
တစ်နေ့တွင် စာရေးသူ ထုတ်ဝေထားသော စာအုပ်တွေကို ကရင်လူမျိုးအများ လေ့လာဖတ်ရှုနိုင်ရန် အများမြင်နိုင်သည့် နေရာတစ်ခုမှာ ချထားပါသည်။အဲသည်အချိန်မှာ ဥပဒေကျောင်းသားတစ်ဦးက စာအုပ်ချထားသည်ကိုတွေ့တော့ တရှိန်ထိုးပြေးလာကြည့်ကာ အနားရောက်မှ ကရင်စာအုပ်မှန်းသိတော့ ကြည့်တောင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။

နောက်တစ်ယောက်က ဆေးကျောင်းသားတစ်ဦးပါ။ သူနဲ့စာရေးသူ စကားစပ်မိရာ စာပေအကြောင်းဘက်သို့
ရောက်သွားသည်။ သူက `ကရင်စာဟာ ဘယ်နေရာမှ အသုံးမ၀င်ပါဘူးကွာ၊ကရင်စာ မတတ်တော့လည်း ဘာဖြစ်လဲ၊ ကရင်စာတတ်တော့လည်း စီးပွါးရေး အထောက်အကူပြုတာ မဟုတ်ဘူး၊ ခေတ်မမှီတဲ့ ပညာရေးတစ်ခုကို ကြိုးစားပမ်းစား သင်ယူနေလျှင် အချိန်းဖြုန်းတာနဲ့ အတူတူပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချစမ်းပါ`…လို့ပြောသွားပါတယ်။ သူ့အမြင်မျိုး ကရင်လူငယ်မောင်မယ်များထဲမှာ ဘယ်လောက်ရှိနေပြီလဲ ဟု မပြောတတ်တော့ပေ။ များများသာ ရှိလျှင်တော့ ကရင်လူမျိုး မြန်မြန်ပျောက်ကွယ်သွားမည်မှာ သေချာသည်။

ခေတ်ပညာ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ်၊ အမျိုးသားဘာသာစကားနှင့် စာပေကို
စိတ်ဝင်စားမှု မရှိသရွေ့ စာပေစိတ်ဓာတ်ရှိသူဟု မဆိုထိုက်ပေ။ ပညာတတ်တစ်ယောက်အဖြစ်တော့ အသိအမှတ်ပြု ခံရကောင်းခံရပါလိမ့်မည်။ သို့သော် တန်ဖိုးရှိသော သူတစ်ယောက်အဖြစ်တော့ သမိုင်းတွင်ရစ်မည် မဟုတ်။
စာရေးသူ သူငယ်ချင်းတစ်ယောက်ရှိလေသည်။ သူက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ကရင်စာပေနည်းပြလုပ်ခဲ့သလို လုပ်အားပေးဆရာလည်း လုပ်ခဲ့ဖူးသည်။ ရုတ်တရက်ကြည့်လျှင်တော့ စာပေစိတ်ဓာတ် အတော်ရှိပုံ ထင်ရသည်။ ဘယ်မှာဟုတ်မှာတုန်း။ နောက်မှ သူ့မှာ စာပေစိတ်ဓာတ် လေးလေးနက်နက် မရှိမှန်း သိလိုက်ရသည်။ ဖြစ်ပုံက ဒီလိုပါ။သူနဲ့ စာရေးသူသည် ပြောမနာ ဆိုမနာ တစ်ယောက်အကြောင်းတစ်ယောက်သိသူတွေ ဖြစ်သည်။ ကိစ္စတစ်ခုပေါ်တိုင်း ဆက်သွယ်ကြသည်။

တိုင်ပင်ကြသည်။ သူက စာရေးသူကို ဆက်သွယ်ရန် အမြဲလိုလို စာရေးအကြောင်းကြားလေ့ ရှိသည်။
သူ့စာက ကရင်လို တစ်ခါမှ မတွေ့ရပါ။ တကယ်လို့ စာပေစိတ်ဓာတ်ရှိလျှင် ပိုးကရင်အချင်းချင်း ပိုးကရင်လိုသာ ရေးသင့်သည်။
ထိုနည်းတူ ကရင်အများစုသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာမှာ ကိုယ့်ဘာသာစကားစာပေရေးထုံးနှင့် ဆက်သွယ်သည့်အလေ့အထ အလွန်နည်းသေးသည်။ ဒါတွေကို ကြည့်လျှင် ကိုယ့်စာပေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။ ကိုယ့်စကား၊ ကိုယ့်စာပေ ပြောတတ်၊ ရေးတတ်လျက်သားနဲ့ မပြော၊ မရးဘူးဆိုလျှင် ကိုယ့်လူမျိုးတုံးအောင်လုပ်ခြင်းနှင့် ဘာခြားဦးမည်နည်း…။
ဆက်လက်ဖော်ပြပါဦးမယ်…..။
စောကရင် မှ ကူးယူးတင်ပြပါသည်

No comments:

Post a Comment

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။